“ကလေးတွေရဲ့ အနာဂတ်ပညာရေးကိစ္စ”

“ကလေးတွေရဲ့ အနာဂတ်ပညာရေးကိစ္စ”

လာမယ့်ဇွန်လထဲမှာ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။ ဘာဖြစ်လို့ကျောင်းတွေဖွင့်နိုင်အောင်ကြိုးစားသလဲဆိုတော့ အုပ်ချုပ်ရေးယန္တရားလည်ပတ်တယ်ဆိုတာကို ကမ္ဘာကိုပြသချင်တာဖြစ်ပြီး၊တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရအောင် ဖြစ်ပါတယ်။ စစ်ကောင်စီကိုသာ နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုလိုက်ရင် လက်နက်အကူအညီ၊ ငွေကြေးအကူအညီ၊ နည်းပညာအကူအညီတွေ အမြောက်အများရပြီး ပြည်သူတွေကို သတ်ချင်တိုင်းသတ်ခွင့်ရသွားမှာဖြစ်ပါတယ်။

အဲဒါကြောင့်မို့ တော်လှန်ရေးသမားတွေက “စစ်ကျွန်ပညာရေးကို ပြန်လည်အသက်မသွင်းနဲ့၊ စစ်အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင် မကူညီနဲ့” ဆိုပြီး သတိပေးနှိုးဆော်နေကြတာဖြစ်ပါတယ်။
ကလေးတွေကို စစ်ကောင်စီကဖွင့်တဲ့ကျောင်းတွေမှာ မတက်စေချင်ဘူးဆိုတာဟာ ပညာမတတ်စေချင်လို့မဟုတ်ပါဘူး။ စစ်တပ်ရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်သွားခဲ့ရင် နိုင်ငံတကာက စစ်ကောင်စီကိုအသိအမှတ်ပြုလိုက်မှာဖြစ်ပြီး၊ တိုင်းပြည်ဟာ စစ်ကျွန်ဘဝကို အပြီးတိုင်ကျရောက်သွားမှာဖြစ်ပါတယ်။ အဲဒီ့အခါကျရင် လက်ရှိအချိန်အထိ ကြိုးစားထားသမျှ အရာအားလုံးဟာ သဲထဲရေသွန်ဖြစ်သွားမှာမို့လို့ ဖြစ်ပါတယ်။

“ဟုတ်ပြီ။ စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေမှာ ကလေးတွေကိုမထားဘူး။ ကလေးကို ကျောင်းမပို့ဘူး။ စစ်ကျွန်ပညာရေးကို အသက်မသွင်းဘူးဘဲ ထားပါတော့။ ဒါပေမယ့် ကလေးရဲ့အသက်က ဒီအတိုင်းနေတာမဟုတ်ဘူး။ ကိုဗစ်ကြောင့် ၁ နှစ်၊ မနှစ်ကအာဏာသိမ်းလိုက်လို့ ၁ နှစ်၊ ဒီနှစ်လည်း ၁ နှစ် ထပ်အောက်ရရင် ကလေးအသက်က ၃ နှစ် ပိုကြီးသွားပြီ။ အတန်းလည်း မရဘူး။ သူများကလေးတွေက ကျောင်းတက်တော့ အတန်းရသွားတယ်။ ကလေးပညာရေးအတွက် စိတ်ပူမိတယ်။ ဘာဆက်လုပ်ရမှန်းမသိဘူး။ တော်လှန်ရေးက ဘယ်လောက်ကြာဦးမလဲမသိဘူး။ စိတ်ဓာတ်ကျတယ်” ဆိုတဲ့ မိဘတွေ အများကြီးရှိနိုင်ပါတယ်။ ကျွန်တော့်ဆီလည်း မက်ဆင်ဂျာကနေပြီး အလားတူမေးခွန်းတွေမေးလာကြတဲ့ ကလေးမိဘတွေ အများကြီးပါပဲ။

ကျွန်တော်နားလည်သလောက်ကိုရှင်းပြရရင် ဖက်ဒရယ်ပညာရေးစနစ်မှာ အတန်းဟာ အရေးမကြီးဘဲ တတ်မြောက်မှုသာ အဓိကဖြစ်ပါတယ်။ ဆိုလိုချင်တာက တော်လှန်ရေးကြောင့် ကျောင်းမတက်ရတဲ့၊ အတန်းမရတဲ့ ကလေးတွေအနေနဲ့ လုံးဝစိတ်ပူစရာမလိုဘဲ စာတတ်အောင်သာ သင်ကြားထားဖို့ အရေးကြီးတယ်ဆိုတာပါပဲ။

ကိုယ့်ကလေးကို အိမ်မှာထားပြီး ကိုယ်တိုင်သင်ကြားပေးမလား၊ CDM ဆရာ/ဆရာမ တွေကို အိမ်ခေါ်သင်မလား၊ ဒါမှမဟုတ် NUG အသိအမှတ်ပြု စာသင်ကျောင်းတွေကို အွန်လိုင်းကနေတစ်ဆင့် တက်ခိုင်းမလား ရွေးချယ်လို့ရပါတယ်။ အဓိကက ကိုယ့်ကလေးစာတတ်ဖို့ပါပဲ။ ကိုယ့်ကလေးဟာ တကယ်စာတတ်ပြီ၊ သင်ယူပြီးမြောက်ရမယ့်/အသက်အရွယ်နဲ့လိုက်ဖက်တဲ့ အတန်းကစာတွေကို ကျေညက်ပြီဆိုရင် အတန်းရဖို့အတွက်ကို လုံးဝစိတ်ပူစရာမလိုအပ်တော့ပါဘူး။ ဒီ့အတွက်လည်း NUG က တရားဝင်အာမခံပြီးဖြစ်ပါတယ်။

ဥပမာ ဆိုပါစို့။ ကိုယ့်ကလေးအသက်က ၁၁ နှစ်၊ တက်ရမယ့်အတန်းက ၅ တန်း၊ ဒါပေမယ့် ကိုဗစ်နဲ့ မအလကြောင့် ၃ တန်းပဲရှိသေးတယ်၊ ဒါပေမယ့် စစ်ကောင်စီဖွင့်တဲ့ကျောင်းကို လုံးဝမထားဘူး၊ တော်လှန်ရေးမအောင်မခြင်း ကလေးကို ကျောင်းမပို့ဘူး။ တော်လှန်ရေးက ၂၀၂၃ (သို့မဟုတ်) ၂၀၂၄ မှာမှ အောင်မယ်ဆိုပါစို့(ဥပမာ ပြောပြတာနော်)။ သူများမိဘတွေက စစ်ကောင်စီဖွင့်တဲ့ကျောင်းကို ပို့လိုက်တော့ အတန်းရတယ်၊ ကိုယ့်ကလေးက ဘယ်လိုဖြစ်မလဲ၊ မနစ်နာဘူးလားဆိုပြီး စိတ်ပူကြတာတွေရှိပါတယ်။ အပေါ်မှာပြောခဲ့သလိုပါပဲ။ အဲ့ဒီ့အတွက် စိတ်ပူစရာမလိုအပ်ပါ။ တော်လှန်ရေးအောင်မြင်တဲ့အချိန်မှာ ကိုယ့်ကလေးတက်ရမယ့်အတန်း(အသက်အရွယ်နဲ့လိုက်ဖက်တဲ့အတန်း) ကို တက်ရမှာဖြစ်ပါတယ်။

လက်ရှိမှာ ကိုယ့်ကလေးဟာ ၃ တန်း။ တော်လှန်ရေးကြောင့် ၃ နှစ် နာသွားတယ်ဆိုပါစို့။ တော်လှန်ရေးအောင်မြင်တဲ့အချိန်မှာ မိတ်ဆွေတို့ကလေးဟာ ၆ တန်းကို ရပါတယ်။ အတန်းရဖို့အတွက် စိတ်ပူစရာ လုံးဝမလိုအပ်ပါ။ တစ်ခုတော့ရှိပါတယ်။ တော်လှန်ရေးကာလ(ကြားကာလ)မှာ ကလေးကို သင်ယူရမယ့်စာ(အသက်အရွယ်နဲ့လိုက်ဖက်တဲ့ အတန်းကစာတွေ)ကို သင်ပေးဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်ကလေးဟာ စာတတ်ဖို့တော့ အရေးကြီးပါတယ်။

လက်ရှိမှာ NUG ရဲ့ အသိအမှတ်ပြုဖွင့်နေတဲ့ ဖက်ဒရယ်ကျောင်းတွေ အများကြီးရှိနေပါတယ်။ FOEIM (Free Online Educational Institute Myanmar) ဆိုတဲ့ အခြေခံပညာမူလတန်း၊ အလယ်တန်း၊အထက်တန်းတွေကို အခမဲ့သင်ကြားပေးနေတဲ့ စာသင်ကျောင်းရှိသလို၊ Kaung For You Education ဆိုတဲ့ ပုဂ္ဂလိကစာသင်ကျောင်းတွေလည်း ရှိနေပါတယ်။ ပုဂ္ဂလိကဆိုပေမယ့် NUG အသိအမှတ်ပြုဖြစ်သလို၊ CDM ဆရာတစ်ယောက်တည်ထောင်ထားတာဖြစ်ပါတယ်၊ သင်ကြားပေးတဲ့ ဆရာ/ဆရာမတွေကလည်း CDM တွေပါပဲ။ ကျောင်းလခတွေကလည်း ဈေးမကြီးပါဘူး။

ကျွန်တော့်မိတ်ဆွေ ဆရာမတစ်ယောက် မကြာမီကမှ တည်ထောင်ထားတဲ့ Ayeyarwaddy Federal School မှာလည်း ကျောင်းအပ်လို့ရပါတယ်။ ကျောင်းလခက ၁ လမှ ၁ သောင်းဖြစ်ပြီး၊ သင်ကြားပေးသူ ဆရာ/ဆရာမတွေရဲ့ ဖုန်းဒေတာဖိုးအဖြစ် ကောက်ခံတာလို့သိရပါတယ်။ CDM ဆရာ၊ဆရာမ တွေကပဲ သင်ကြားပေးမှာဖြစ်လို့ ကိုယ့်ကလေးတွေရဲ့ စိတ်နေစိတ်ထား၊ ကိုယ်ကျင့်တရား၊ စဉ်းစားတွေးခေါ်ပုံတွေအတွက်ပါ စိတ်ပူစရာမလိုအပ်တော့ပါဘူး။ အဓိကအရေးကြီးတဲ့ စိတ်ရှည်မှုနဲ့ စေတနာကိုပါ ကလေးတွေရရှိမှာဖြစ်ပါတယ်။ CDM ဝန်ထမ်းရဲ့ သားသမီးတွေဆိုရင် အခမဲ့သင်ကြားပေးမှာပါတဲ့။

နောက်ထပ်ယုံကြည်စိတ်ချရတဲ့ ကျောင်းတစ်ကျောင်းကို ညွှန်းရရင် CDM ဆရာတွေ ဦးစီးတည်ထောင်ထားတဲ့ Federal Education of Yangon Online School (FEYOS ) ပဲဖြစ်ပါတယ်။၅.၇.၂၀၂၁ မှာ စတင် တည်ထောင်ခဲ့တာဖြစ်လို့ လူသိနည်းနေပေမယ့် NUG နဲ့ ချိတ်ဆက်မှုရှိသလို သင်တန်းကြေးလည်း သက်သာပါတယ်။ ယုံကြည်စိတ်ချစွာ‌ ကျောင်းအပ်နိုင်ပါတယ်။

ကျောင်းတွေအားလုံးကတော့ အွန်လိုင်းစနစ်နဲ့သင်ကြားပေးတာဖြစ်ပါတယ်။ တစ်ခုပိုကောင်းသွားတာက ကိုယ့်ကလေးဟာ ကိုယ်တွေလိုမျိုး အသက်ကြီးမှ နည်းပညာကို လေ့လာစရာမလိုအပ်တော့ဘဲ ငယ်စဉ်ကတည်းက နည်းပညာနဲ့ အကျွမ်းတဝင်ဖြစ်သွားမှာ သေချာပါတယ်။

လေ့လာသိရှိရသလောက် အခုရက်ပိုင်းမှာ ပညာရေးညီလာခံကို ကျင်းပနေပြီး ညီလာခံပြီးသွားတဲ့အခါမှာ သင်ရိုးညွှန်းတမ်းအတည်ပြုတာ၊ ပြင်ဆင်တာ၊ ပြောင်းလဲတာတွေရှိလာနိုင်ပါတယ်။ အဓိကကတော့ စစ်ကောင်စီက ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ ဘာသာရေးဂျင်း၊ လူမျိုးရေးဂျင်းတွေ သင်ရိုးညွှန်းတမ်းထဲ ပါမလာအောင် ဖယ်ထုတ်ကြမှာဖြစ်ပါတယ်။ ဝမ်းသာစရာကောင်းတာတစ်ခုရှိပါသေးတယ်။ အဲဒါက ပြည်သူ့အစိုးရအသိအမှတ်ပြုကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းမှာ မပါဝင်တဲ့ Life Skills တွေကို သီးသန့်သင်ကြားပေးသွားမှာဖြစ်လို့ ကလေးတွေရဲ့ စိတ်နေသဘောထားတွေ၊ အများနဲ့စုပေါင်းဆောင်ရွက်မှုအပိုင်းတွေအတွက်ပါ စိတ်ပူစရာမလိုအပ်တော့ပါဘူး။

အကယ်၍များ တော်လှန်ရေးကာလ(လက်ရှိကြားကာလ)မှာ ကလေးတွေဟာ စစ်ဘေးသင့်ဒေသရောက်ပြီး စစ်ဘေးရှောင်နေရလို့၊ ကျောင်းထားပေးမယ့်သူမရှိလို့ ကျောင်းမတက်ရဘူးဆိုရင်လည်း အဲဒီ့ကလေးတွေအတွက် စိတ်ပူစရာမလိုပါဘူး။ သူတို့အတွက်လည်း စီစဉ်ထားတာတွေရှိပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ တက်ရမယ့်အတန်းနဲ့ အသက်နဲ့မကိုက်ညီဘူးဆိုရင် ဝင်ခွင့်စာမေးပွဲဖြေရပါမယ်။ အသက်က ၁၁ နှစ်ရှိနေပြီ။ အတန်းက ၃ တန်းပဲရှိသေးတယ်။ စစ်ဘေးရှောင်နေရလို့၊ ကျောင်းထားပေးမယ့်သူမရှိလို့ အခုမှ Ayeyarwaddy Federal School ကို သိပြီး ကျောင်းအပ်ချင်တယ်၊ ၅ တန်းမှာ ထားချင်တယ်၊ ဘယ်လိုလုပ်ရမလဲဆိုရင် ဝင်ခွင့်ဖြေရပါမယ်။ အဲဒီ့ကလေးဟာ ဝင်ခွင့်စာမေးပွဲအောင်ရင် ၅ တန်းကို တိုက်ရိုက်တက်ခွင့်ရပါမယ်။ အကယ်၍ဝင်ခွင့်စာမေးပွဲမအောင်ဘူးဆိုရင် သင့်တော်မယ့်အတန်းမှာ ခဏထားပြီး ဖြည့်စွက်သင်ရိုးညွှန်းတမ်းကို ခဏသင်ရပါမယ်။ ပြီးတာနဲ့ ဝင်ခွင့်ပြန်ဖြေပြီး အောင်တာနဲ့ ၅ တန်းမှာ ပြန်တက်ခွင့်ရမှာဖြစ်ပါမယ်။

စာကို အနှစ်ပြန်ချုပ်ရရင် –
(၁) စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတွေကို ကိုယ့်ကလေးတွေကို မပို့ပါနဲ့။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်အောင် မကူညီပါနဲ့။ စစ်ကျွန်ပညာရေးကို အသက်မသွင်းပါနဲ့။ ရေတိုကိုမကြည့်ပါနဲ့။ ရေရှည်ကိုကြည့်ကြပါ။

(၂) ကလေးတွေကို ကျောင်းမပို့ခိုင်းတာဟာ ပညာမတတ်စေချင်လို့မဟုတ်ဘူး၊ စစ်အုပ်ချုပ်ရေးအသက်မဝင်အောင်၊ နိုင်ငံတကာက စစ်ကောင်စီကို အသိအမှတ်မပြုအောင် နှိုးဆော်နေတယ်ဆိုတာကို နားလည်ပေးကြပါ။ ပူးပေါင်းပါဝင်ပေးကြပါ။

(၃) ဖက်ဒရယ်ပညာရေးစနစ်မှာ အရည်အချင်းသာအဓိကဖြစ်ပြီး အတန်းသည် အရေးမကြီးပါ။ အတန်းလိုချင်သူတွေအတွက်လည်း စိတ်ပူစရာမရှိဘဲ စီစဉ်ထားပြီးဖြစ်တယ်ဆိုတာကို လက်ဆင့်ကမ်းမျှဝေစေလိုပါတယ်။ အများနားလည်အောင် သေချာရှင်းပြပေးစေလိုပါတယ်။

(၄) NUG အသိအမှတ်ပြုတဲ့ကျောင်းတွေမှာထားခြင်းဖြင့် ကိုယ့်ကလေးတွေရဲ့ စိတ်နေသဘောထား၊ ကိုယ်ကျင့်တရား၊ ပညာအရည်အချင်းတွေအတွက် အပြည့်အဝစိတ်ချရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဓာတ်၊ကိုယ်ကျင့်တရား၊ အရည်အချင်းအပိုင်းမှာ မှတ်ကျောက်အတင်ခံနိုင်တဲ့ CDM ဆရာ၊ဆရာမတွေက စိတ်ရှည်လက်ရှည်နဲ့ သင်ကြားပေးနေကြတာမို့ပါ။

(၅) တော်လှန်ရေးကို ပုံဖျက်ချင်တဲ့အခါ စစ်တပ်အနေနဲ့ မလုပ်ရဲတာဘာမှမရှိပါဘူး။ စာသင်ကျောင်းဗုံးခွဲတာ၊ ကလေးတွေကို လူသားဒိုင်းလုပ်တာတွေ အကုန်လုပ်မှာအသေအချာပါပဲ။ အခုလိုမျိုး လုံခြုံရေးစိတ်မချရတဲ့အနေအထားမှာ ကိုယ့်ကလေးကို အပြင်မလွှတ်ပါနဲ့။ ကျောင်းမပို့ပါနဲ့။ ကျောင်းပို့တဲ့အခါမှာလည်း စိတ်နေသဘောထား၊ ကိုယ်ကျင့်တရား၊ အရည်အချင်းအပိုင်းမှာ ပြဿနာရှိတဲ့ Non CDM တွေက သင်ကြားပေးမှာဖြစ်လို့ ကိုယ့်သားသမီးရဲ့အနာဂတ်ဟာ စိုးရိမ်စရာဖြစ်ပါတယ်။ ကိုယ်ကိုတိုင်လည်း နွေဦးတော်လှန်ရေးမှာ သစ္စာဖောက်အဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။

စစ်ကျွန်ပညာရေးကို အသက်မသွင်းခြင်း၊ ကိုယ့်ကလေးကို ဖက်ဒရယ်ပညာရေးအမွေပေးခြင်းဖြင့် ဂုဏ်ယူနိုင်ကြပါစေ။
အရေးတော်ပုံမုချအောင်ရမည်။

crd
မိုးခ
(12.5.2022)
3:10 PM

Be the first to comment

Leave a Reply

Your email address will not be published.


*