
၂၀၂၂ ခုနှစ်တွင် သတိထားစောင့်ကြည့်ရမည့် စစ်မီးပွားများ
တရုတ်၏စစ်အင်အား အလျှင်အမြန် ကြီးထွားလာမှု၊ ရုရှားက ပိုမိုရန်စခြိမ်းခြောက်လာမှု၊ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းကာ တာလီဘန်အဖွဲ့ အာဏာရလာမှု စသည်တို့သည် ၂၀၂၁ ခုနှစ်၏ ထူးခြားသတင်းများဖြစ်ခဲ့သည်။
ယခုနှစ်ထဲတွင်လည်း တရုတ်နှင့်ရုရှားတို့၏ ခြိမ်းခြောက်မှု အန္တရာယ်သည် ဆက်လက်တည်ရှိနေပါဦးမည်။ ထို့အပြင် လစ်ဗျား၊ ဆိုမာလီနိုင်ငံများ၏ အခြေ အနေမှာလည်း အလေးထားစောင့်ကြည့်ရမည့် စစ်ရေးပဋိပက္ခအန္တရာယ် စာရင်းတွင် ပါဝင်နေသည်။
၁။ အိန္ဒိယ-ပါကစ္စတန်
အာဖဂန်နစ္စတန်စစ်ပွဲကာလတွင် ပါကစ္စတန်သည် တာလီဘန်အဖွဲ့ကို အဓိကကူညီထောက်ပံ့ခဲ့သည်ဖြစ်ရာ အမေရိကန်နှင့် ဆက်ဆံရေးအဆင်မပြေ ဖြစ်ခဲ့ရသည်။
အကျိုးဆက်အဖြစ် ယခင်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှ စတင်၍ အမေရိကန်သည် အိန္ဒိယကို ပိုမိုအလေးထား ဆက်ဆံလာခဲ့သည်။ အာရှပစိဖိတ်ဒေသစစ်ဌာနချုပ်ကိုပင် အိန္ဒိယ-ပစိဖိတ်ဒေသ စစ်ဌာနချုပ်ဟူ၍ အမည်ပြောင်းလဲခဲ့သည်။
အမေရိကန်နှင့် အိန္ဒိယဆက်ဆံရေး အားကောင်းလာစဉ်တွင် ပါကစ္စတန်မှာလည်း တရုတ်နှင့် ဆက်ဆံရေးပိုမို နီးစပ်လာခဲ့သည်။ အိန္ဒိယသည် အစဉ်အလာအတိုင်း ပါကစ္စတန်နှင့်ဆက်ဆံရေး ဆိုးရွားနေဆဲဖြစ်သလို နယ်နိမိတ် အငြင်းပွားမှုကြောင့်လည်း တရုတ်နှင့် ဆက်ဆံရေး တင်းမာနေဆဲဖြစ်သည်။
၂။ လစ်ဗျား
ရေနံကြွယ်ဝသော လစ်ဗျားနိုင်ငံသည် ၂၀၁၀ခုနှစ်တွင် အမေရိကန်၏ အကူအညီဖြင့် အာဏာရှင် ကဒါဖီ၏ အစိုးရကို ဖြုတ်ချနိုင်ခဲ့သော်သည် ဆူပူငြိမ်သက်မှုများကို ဆယ်စုနှစ်နှင့်ချီပြီး ကြုံတွေ့ခဲ့ရ သည်။
လစ်ဗျားပြည်တွင်းစစ်တွင် ဒေသတွင်းအင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဘက်အသီးသီးမှ ဝင်ရောက်စွက်ဖက်လာကြရာ အခြေအနေများသည် ပိုမို ရှုပ်ထွေးခဲ့ရသည်။ လစ်ဗျားတွင် အဓိက စင်ပြိုင်အစိုးရနှစ်ရပ်ပေါ်ပေါက်ကာ၊ နိုင်ငံနှစ်ခြမ်းကွဲသလို ဖြစ်နေရသည်။
လစ်ဗျားသည် ဇန်နဝါရီလထဲ၌ ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲကို လုံခြုံရေး အခြေအနေအရ ရက်အကန့်အသတ်မရှိ နောက်ဆုတ် ရွေ့ဆိုင်းလိုက်ရသည်။ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးတွက် အဓိက မျှော်လင့်ချက်ဖြစ်သော ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် မကျင်းပနိုင်ပါက တိုင်းပြည်သည် စစ်မက်ပဋိပက္ခများထဲတွင် ဆက်လက်နစ်မွန်းရဖွယ်ရှိနေသည်။
၃။ အီရန်-အစ္စရေး
အရှေ့အလယ်ပိုင်းဒေသ၏ အင်အားကြီး နှစ်နိုင်ငံဖြစ်သော အစ္စရေးနှင့် အီရန်တို့သည် တိတ်တဆိတ်လက်သီးပန်းထိုးကာ အပြန်အလှန် တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်နှင့်ချီပြီး ကြာမြင့်ခဲ့ပြီဖြစ်သည်။
သို့သော် နျူကလီးယားထုတ်လုပ်နိုင်ရန် အီရန်နီစပ်လာခြင်းသည် တိတ်တိတ်ပုန်းစစ်ပွဲမှ တစ်ဆင့် မီးကုန်ယမ်းကုန်တိုက်ခိုက်သော စစ်ပွဲဖြစ်လာနိုင်စေသော အန္တရာယ်ရှိနေပေသည်။
အမေရိကန်သမ္မတ၏ အမျိုးသားအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်သည် ယခုသီတင်းပတ်ထဲတွင် အစ္စရေးသို့ သွားရောက်ခဲ့သည်။ အီရန် နျူကလီးယားအရေးကို သံတမန်နည်းလမ်းဖြင့် ညှိနှိုင်နေမှုကို အပြီးသတ်နောက်ဆုံး ဆောင်ရွက်ရမည့် နေ့ ရက်အား နှစ်နိုင်ငံ သဘောတူသတ်မှတ်ခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
အဆိုပါ သတ်မှတ်ရက်ကို ကျော်လွန်ပါက အမေရိကန်နှင့် အစ္စရေးတို့သည် စစ်ရေးနည်းလမ်းကို အသုံးပြုလာကြဖွယ်ရှိသည်။
၎။ ဆိုမာလီယာ
ဆိုမာလီယာနိုင်ငံမှ အယ်လ်စ၏ရှာဘတ်အဖွဲ့သည် တာလီဘန်အဖွဲ့ကဲ့သို့ပင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အစိုးရအဖွဲ့မှနေ၍ သူပုန်အဖွဲ့ ဖြစ်သွားခဲ့ရသည်။
အမေရိကန်သည် အလာ အယ်လ်ရှာဘတ်အဖွဲ့ကို မဖြိုခွင်းနိုင်သည့်အပြင် သမ္မတထရမ့်လက်ထက်တွင် တပ်ဖွဲ့များကို ရှပ်သိမ်းခဲ့သည်။ အယ်လ်ရှာဘတ်အဖွဲ့မှာ ပို၍ ကောင်းလာနေသည်။ဆိုမာလီပြည်သူ လေးဦးလျှင် တစ်ဦးမှာမှု ငတ်မွတ်နေကြ ရသည်။
၅။ တရုတ်
ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်သိမ်းပိုက်လာမည်လောဟူသော မေးခွန်းသည် အမေရိကန် အစိုးရ မူဝါဒချမှတ်သူများကို ခေါင်းခြောက်စေသည်။ ပြည်မကြီးနှင့် ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းစေရာတွင် တရုတ်က စစ်ရေးနည်းလမ်း အသုံးပြုပါက မည်သို့ လက်တုံ့ပြန်မည်နည်းဟူသော မေးခွန်းမှာလည်း အမေရိကန်ကို တိတိကျကျ မဖြေကြားနိုင်သေးသော မေး ခွန်းဖြစ်သည်။
တရုတ်သည် ဖောက်ဝါရီလတွင် ဆောင်းရာသီအိုလံပစ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ထိုပြိုင်ပွဲကို အမေရိကန်းက သံတမန်ရေးအရ သပိတ်မှောက် ထားသည်ဖြစ်ရာ နှစ်နိုင်ငံဆက်ရေး တင်းမာနေရသည်။
Author:ဝင်းမင်း
နိုင်ငံတကာရေးရာ
Leave a Reply